skip to main |
skip to sidebar
Beranda
»
သတင်းများစုစည်းမှု
»
လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရေပြဿနာ ကြီးမားစွာ ရင်ဆိုင်ရနိုင်မည့်အပေါ် ပညာရှင်များ စိုးရိမ်နေ

လာမည့် ၂၀၂၀ ခုနှစ် အရောက်တွင်
ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်းခန့်အထိ ရှိလာနိုင်သောကြောင့် ရေပြဿနာကို
အကြီးအကျယ် ရင်ဆိုင်ရနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။
"အချို့နိုင်ငံမှာ
အပေါ်ယံရေမရှိလို့ မြေအောက်ရေပဲ သုံးနေရတာတွေ ရှိတယ်။ မြေအောက်ရေကို
သုံးတာတော့ သုံးပေါ့။ အ၀ီစိတွင်းတွေ ရန်ကုန်မှာ လုပ်တယ်။ ရန်ကုန်မြို့ကြီးက
လူဦးရေ ငါးသန်းခြောက်သန်းလောက် ရှိတယ်။ နောက် ၂၀၂၀ လောက်ဆိုရင်
ကျွန်တော်စဉ်းစားထားတာ ရန်ကုန်မြို့မှာ ရေပြဿနာ ရှိမယ်။ ၂၀၂၀ လောက်ဆိုရင်
လူဦးရေ ခန့်မှန်းလူ ၁၀ သန်းလောက် ရှိမယ်။ ရန်ကုန်မြို့မှာ ၂၀၂၀ ဆို
ရေပြဿနာက အကြီးအကျယ် ရင်ဆိုင်ရမယ်" ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ပညာရှင် ဦးအုန်းက ပြောကြားသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် မြို့နယ်အတော်များများတွင်
အ၀ီစိတွင်းတူး၍ မြေအောက်ရေ ရယူကာ ပေးဝေသည့် စနစ်ကို လာမည့် ၂၀၂၅ ခုနှစ်တွင်
ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တော်တွင်
အ၀ီစိတွင်းများမှ ရေတူး၍ မြေအောက်ရေ ရယူသုံးစွဲသည့် စနစ်ကို
မြို့တွင်းမြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊
လသာမြို့နယ်များအပြင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ ဒဂုံတောင်၊
ဒဂုံမြောက် စသည့်မြို့နယ်များတွင်လည်း အသုံးပြုနေရကြောင်း၊
ရန်ကုန်မြို့တွင် အ၀ီစိတွင်းပေါင်း ၄၀၀ ကျော်ရှိပြီး အ၀ီစိတွင်းတူးများကာ
မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာပါက မြေမျက်နှာပြင် နိမ့်ဆင်းခြင်း၊
မြေကျွံခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ခြင်းကြောင်း
သုံးသပ်မှုများ ရှိနေသည်။
အ၀ီစိတွင်းများမှ မြေအောက်ရေ
ထုတ်ယူသုံးစွဲမှုကို လုံးဝဖျက်သိမ်း သွားပါက လက်ရှိအ၀ီစိတွင်းတူး
သုံးစွဲနေရသည့် မြို့နယ်များအား ရေလှောင်ကန်များ၊ ဆည်များနှင့် မြစ်ရေကို
သန့်စင်ပေးဝေသည့် စနစ်များဖြင့် ရေအားဖြည့် ပေးဝေသွားမည် ဖြစ်သည်။
ထိုသို့ ရေအားဖြည့် ပေးဝေနိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်
မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊
ကြည့်မြင်တိုင်၊ စမ်းချောင်း စသောမြို့နယ်များနှင့် လှိုင်သာယာ
မြို့နယ်တို့ကို တစ်နေ့ရေဂါလန် သန်း ၂၀၀ ခန့်အထိ သန့်စင်ပေးဝေနိုင်မည့်
လှိုင်သာယာအနီးရှိ ကုက္ကိုဝမြစ် ရေပေးရေး စီမံကိန်းအတွက်
လေ့လာတိုင်းတာမှုများကို ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီ တစ်ခုက တစ်နှစ်အတွင်း
အပြီးပြုလုပ် သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ရေပေးဝေ
သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိအ၀ီစိတွင်းတူး
သုံးနေသော ဒဂုံတောင်၊ ဒဂုံမြောက် မြို့နယ်များအတွက်လည်း လဂွန်းပြင်
ဆည်ရေစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားသည်။
ရန်ကုန်မြို့တော်တွင် လက်ရှိတစ်နေ့လျှင် ရေဂါလန် သန်း ၁၆၀ ပေးဝေနေပြီး
မြို့နေလူထု၏ ၆၅ ရာခိုင်နှုန်းကိုသာ ရန်ကုန်မြို့တော် စည်ပင်က
ရေပေးဝေနိုင်သည်။
ရန်ကုန်မြို့၏ လက်ရှိလူဦးရေမှာ ခြောက်သန်းကျော်
ရှိနေပြီး တိုးပွားလာသော လူဦးရေနှင့်အတူ အိမ်ရာလိုအပ်ချက်
မြင့်တက်လျက်ရှိကြောင်း သိရသည်။
Artikel terkait :
0 comments "လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရေပြဿနာ ကြီးမားစွာ ရင်ဆိုင်ရနိုင်မည့်အပေါ် ပညာရှင်များ စိုးရိမ်နေ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.