အိုးဘိုထောင်ထဲက နော်အုန်းလှကို ဒီကေဘီအေ ဗိုလ်မှူး စောဆန်းအောင် သွားရောက်တွေ့ဆုံ




ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က ပုဒ်မ( ၅၀၅/ခ) ထောင်ဒဏ်၂ နှစ်နဲ့ မန္တလေးတိုင်း အိုးဘိုထောင်မှာ ဖမ်းဆီးခံနေရတဲ့ နော်အုန်းလှ ဆီကို ဒီကေဘီအေ ကလိုထူးဘောဗျူဟာမှ ဗိုလ်မှူး စောဆန်းအောင်နဲ့ တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

သွားရောက်တွေ့ဆုံခဲ့တဲ့ ဗိုလ်မှူး စောဆန်းအောင် က နော်အုန်းလှ အခြေအနေနဲ့ တွေ့ကြုံခဲ့တာတွေကို အခုလိုပြောပြပါတယ် ...

“မနေ့က ကျနော်တို့ နော်အုံလှကို တွေ့ဖို့ အိုးဘိုထောင်ကို ရောက်သွားတယ်၊ ဟိုရောက်တော့ ထောင်တာဝန်ရှိသူတွေက ပုံစံ ၁၀ မိသားစုစာရင်းကိုတောင်းပါတယ်။ ကျနော်တို့မှာ အဲဒါမပါတော့ တွေ့ခွင့်မပေးဘူး၊ ကျနော်က နော်အုန်းလှကို မိသားစုစာရင်းကတောင် ပယ်ဖျက်ထားတာ စာရွက်ထဲရှိတဲ့ ဆွေးမျိုးဘယ်ရှိတော့မလဲ၊ သူက ကရင်လူမျိုးလေ ကျနော်တို့လည်း ကရင်လူမျိုး အမျိုးတွေ မဟုတ်ဘူးလားလို့ ပြောပြတော့လဲ မရဘူး၊ အဲဒါနဲ့ ကျနော်တို့ အိုးဘိုထောင်ကနေ ပြန်လှည့်ခဲ့ကြတယ်။ ကျနော်ပြန်သွားပြီး တော်တော်ကြာတော့ ဖုန်းဝင်လာတယ် နော်အုန်းလှကို လာတွေ့လို့ ရပြီးဆိုတာ အကြောင်းကြားလာတယ် အဲဒါနဲ့ ကျနော်တို့ တွေ့ခွင့်ရခဲ့ကြတယ်။” ဗိုလ်မှူးဆန်းအောင် ဆက်လက်ပြောပြတာက ...

“နော်အုန်းလှ ကျန်းမာရေးအခြေကောင်းပါတယ်။ ထောင်ဝန်ထမ်းတွေက သူ့ကို ဂရုစိုက်ကြောင်း၊ သူ့ကို ဖမ်းတဲ့ ရဲတွေက မတရားအမှုဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ အယူခံမဝင်ဖို့ သူ့ရှေ့နေကို ပြောပေးဖို့နဲ့ သူ ထမင်းပြန်စားနေပြီလို့ နော်အုန်းလှက ကျနော်တို့ကို ပြောပြပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး၊ လက်ပံတောင်းတောင်အစီရင်ခံစာ လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်း နှိပ်စက်သော ရဲများ အရေးယူပေးရေး စတဲ့ အချက်လေးချက်နဲ့ ဆန္ဒပြခွင့်ရရန် ခွင့်ပြုမိန့်တောင်းခဲ့သော်လည်း နော်အုန်းလှ ရဲ့ တောင်းဆိုချက်ကို အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါ။ မုံရွာမြို့မှာ နော်အုန်းလှနှင့်အဖွဲ့ဟာ ငြိမ်းချမ်းစွာလမ်းလျာက်ခဲ့ကြပေမယ့် အာဏာပိုင်တွေက အကြမ်းဖက်ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့် တရားစွဲဆိုပြီး ထောင်ချပစ်ခဲ့ပါတယ်။


0 comments "အိုးဘိုထောင်ထဲက နော်အုန်းလှကို ဒီကေဘီအေ ဗိုလ်မှူး စောဆန်းအောင် သွားရောက်တွေ့ဆုံ", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...