skip to main |
skip to sidebar
Beranda
»
သတင်းများစုစည်းမှု
»
White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ပြု၊ မပြုမှာ လ၀က သတ်မှတ်ချက်အပေါ်တွင်သာ မူတည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ပြောကြား
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင်
လူဝင်မှုကြီးကြပ်ရေးမှ ဘင်္ဂါလီလူမျိုးစာရင်း ကောက်ခံနေခြင်းအား တွေ့ရစဉ်
(ဓာတ်ပုံ-သန်းလှိုင်)
၂၀၁၅ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ပြု၊
မပြုသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ သတ်မှတ်ချက်
အပေါ်တွင်သာ မူတည်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက
ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ Inya Lake ဟိုတယ်တွင်
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် သတင်းထောက်များ တွေ့ဆုံစဉ်
ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် White
Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိ၊ မရှိဟူသော မေးခွန်းအား "ဒါကတော့
ဖြေဖို့နည်းနည်း စောသေးတယ်။ ဒါတွေက ပြန်ဆွေးနွေးရမယ့် အခြေအနေမှာ ရှိနေတယ်"
ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက
မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးရ သူများသာဖြစ်ပြီး
မဲပေးခွင့်ရှိသူ သတ်မှတ်ရန်အတွက် ဥပဒေပြုသော လွှတ်တော်နှင့် သက်ဆိုင်ရာ
ဝန်ကြီးဌာနတို့၏ ဥပဒေများ၊ စိစစ်မှုများအရသာ ဆောင်ရွက်ရသူများဖြစ်ကြောင်း
ပြောကြားသည်။
ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူများနှင့်
ပတ်သက်၍ "မဲပေးပိုင်ခွင့်ရှိလား၊ မရှိလား၊ ရွေးချယ်ပိုင်ခွင့်ရှိလား၊
မရှိလားဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ထက်၊ ကော်မရှင်ဟာ အတည်ပြုရတဲ့
ဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်နဲ့သာ ဆောင်ရွက်ရတဲ့ အတွက်ကြောင့် ၀န်ကြီးဌာနက
မဲပေးခွင့်ရှိတယ်ဆိုရင် ပေးရမယ်။ မဲတွေကို ခွင့်ပြုတယ်ဆိုရင် ပေးရမယ်။
ကော်မရှင်က လုပ်ခွင့်မရှိဘူး။ ကော်မရှင်က ကျင်းပပေးရတာပဲ ရှိတယ်။ ဒါကို
လွှတ်တော်က ဥပဒေပြုတာ။ လွှတ်တော်က White Card ကို ပေးခွင့်ရှိတယ်ဆိုရင်
ပေးခွင့်ရတာပေါ့။ အဲဒါကို ကော်မရှင်က မပေးနဲ့လို့ ပြောလို့မရဘူး။ မပေးပါနဲ့
ဆိုရင်လည်း ကော်မရှင်အနေနဲ့ ပေးပါလို့ ပြောခွင့်မရှိဘူး။ အဲဒီတော့
ဥပဒေပြုတဲ့ လွှတ်တော်နဲ့ ဌာနဆိုင်ရာရဲ့ ဥပဒေကိုပဲ ကော်မရှင်က လိုက်နာရတယ်။
အဲဒီတော့ ပေးနိုင်လား၊ မပေးနိုင်လား ဆိုတာကတော့ ဘယ်လိုဥပဒေ ပြဋ္ဌာန်းထားလဲ။
အဲဒီဥပဒေတွေနဲ့အညီ ကျွန်တော်တို့က ဆောင်ရွက်တယ်။ ဒါမှလည်း လွတ်လပ်တဲ့
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါမယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ထိုသို့ White Card
ကိုင်ဆောင်ထားသူများ မဲပေးခွင့်နှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်နှင့်
သက်ဆိုင်သည်ဟု ဆိုပါက ဥပဒေပြန်ဖတ်ရန် လိုအပ်သည်ဟု ဦးတင်အေးက သတင်းထောက်၏
မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိပြဋ္ဌာန်းထားသော
ဥပဒေများတွင် White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိပါက
ကော်မရှင်အနေဖြင့် မဲပေးခွင့်ကို လက်ခံရမည်ဖြစ်ကြောင်း၊ ဥပဒေတွင်
မဲပေးခွင့် မရှိပါက လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့ကော်မရှင်သည်
ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့်သာ သက်ဆိုင်သည်ဟု ဦးတင်အေးက ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီက သတ်မှတ်ထားသည့် ကတ်ပြားကိုင်ဆောင်ထားသူများ အနေဖြင့်
ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ၊ မရှိဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏
သတ်မှတ်ချက်ပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က နေပြည်တော်တွင်
ပြည်ထောင်စုဝန်ကြီးများနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင်
ပြောကြားထားသည်။
Admin : သီဟ (ဘိုကလေးသား)
Artikel terkait :
0 comments "White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ပြု၊ မပြုမှာ လ၀က သတ်မှတ်ချက်အပေါ်တွင်သာ မူတည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ပြောကြား", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.