ခံရခက်တဲ့ ချိန်ကိုက်ဗုံး ( သရော်စာ )

ခေတ်ကာလကြီးက တယ်လည်း တိုးတက်သကိုး။ သတင်းတွေက အလင်းနှုန်းနီးပါး မြန်သလားတောင် အောက်မေ့ရတယ်။ မနက်စောစောစီးစီး ရင်တုန်စရာသတင်းတွေဖတ်ရင်း ရင်ထဲဖိုးသိုးဖတ်သတ်ဖြစ်နေတာနဲ့ပဲ စားမြုံ့ပြန် ရင်ဖွင့်နိုင်ဖို့ လက်ဖက်ရည်ဆိုင်ကို ခပ်သွက်သွက်ကလေး သုတ်ချေတင် လိုက်တယ်။

ဆိုင်ထဲဝင်လို့ ဝိုင်းလွတ်တစ်ခုမှာ ထိုင်မလို့ ဟန်ပြင်ရုံ ရှိသေး  “ဗုံးဗျ…၊ ဗုံး။ ဗုံး”  ဆိုပြီး
ဘော်ဒါတစ်ယောက်က ပြာပြာသလဲ လှမ်းအော်တော့ ကိုယ်လည်း “အမယ်လေး ဗုဒ္ဓေါ” နှုတ်ကယောင်ပြီး နောက်ခြေတစ်လှမ်းဆုတ်မိသွားတယ်။
“ဘယ်မှာလဲ…၊ ဘယ်မှာလဲ” အော်သူအော်နဲ့ ဆိုင်ထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဲဒီတော့မှ ငတိက လက်ထဲက သတင်းစာကိုလှုပ်ပြပြီး “ဗုံးတွေတွေ့တယ် ဆိုတဲ့ သတင်း ခင်ဗျားတို့ ဖတ်ပြီးပြီလား” လို့ လှမ်းမေးတယ်။

အမယ်လေးနော်… ရင်ထဲ အထိတ်တလန့်ရှိလိုက်ပါဘိနှယ်။ အစ-အနောက်ကလည်း သန်ပါသဘိနဲ့။ နို့ပေမယ့် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတော့ လန့်လန့်နဲ့ပဲ ခွင့်လွှတ်လိုက်ပါတယ်။ ဒီလူက အမြဲ အဲသလို ကျီစားနေတာ နှစ်တွေ နည်းတော့တာမှ မဟုတ်တာ။ ကိုယ်က သတ္တိကြောင်ပြီး သူ့အကွက်မိသွားတော့ခံပေါ့။

ဒါနဲ့ ငတိရှိရာ ဝိုင်းကို သွားပြီး “ဘာဗုံးလဲဗျ၊ လောင်မီးဗုံးလား၊ မီးလောင်ဗုံးလား”  လို့ သိသိကြီးနဲ့ စကားစရင်း မေးလိုက်တယ်။

“ခင်ဗျားတို့နှယ် တစ်ဆိတ်ရှိ ဒီလက်ပံတောင်း အာရုဏ်ဆွမ်း လောင်မီးဗုံးပဲ ပြောနေတယ်၊ အဲဒီတုန်းက တရုတ်ကြီးကို ကြောက်ရလို့ပါဗျ”
လို့ ငတိက ပြစ်တင်သံနဲ့ အော်တယ်။

အဲဒါနဲ့ “အဲဒါဆို အခုက ဘာကိုကြောက်ရလို့တဲ့တုန်း” ဆိုပြီး အလိုက်ကမ်းဆိုး မသိစွာနဲ့ ဆက်ပြီး ငေါ့လိုက်တယ်။

“အာ… ဒီလူ့နှယ် ခက်ပါဘိ” လို့ ငတိက ညည်းသံထွက်လာတော့ ကိုယ်လည်း “သိပါတယ်ဗျာ၊ သတင်းတွေ ဖတ်ပြီးပါပြီ၊ ချိန်ကိုက်ဗုံး တွေပါ” လို့ အလိုက်သင့်လေး လမ်းကြောင်းခင်းပေးလိုက်တယ်။

“ဟုတ်ပ၊ အချိန်ကိုက်မှ တကယ့်အချိန်ကိုက်ပဲ၊ လူထုကြီးကလည်း နိုးနိုးကြားကြားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်၊ ဖြုတ်မယ်၊ အကုန်ပြန်ရေးမယ်ဆိုပြီး နိုင်ငံရေး ရေချိန်တက်နေတဲ့ အချိန်ဗျ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေး ဆွေးနွေးနေကြတဲ့အချိန်၊ ပြီးတော့ သမ္မတကြီးကလည်း ပူပူနွေးနွေး တူကလေးကို ကိုင်ပြီး အာဆီယံ ဥက္ကဌရာထူးကို လွှဲပြောင်းယူလိုက်တဲ့ အချိန်ဗျ၊ ဒီလိုလူထုကြီးတစ်ရပ်လုံးက နိုင်ငံရေးနိုးကြားနေတဲ့အချိန်မှာ အထိတ်တလန့်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ စိုးရိမ်သွားစေတဲ့ ခံရခက်တဲ့ အချိန်ကိုက်ဗုံးဗျ”
ဆိုပြီး ငတိက နိုင်ငံရေးသုခမိန်လေသံနဲ့ ဖိန်းတယ်။

အဲဒါကြောင့် “ဘယ်ကလာ….၊ ဘွာ ဘွာ့ ဘွား…၊ ခင်ဗျားအတော်နောက်တဲ့လူ။ ကျုပ်ပြောတဲ့ အချိန်ကိုက်ဗုံးဆိုတာ သတင်းမှာပါတဲ့ လက်လုပ်ဗုံးဗျ၊ သူ့အချိန်နဲ့ သူ အံကိုက်ကွဲတဲ့ဗုံးကို ပြောတာ” လို့ ဟောက်လိုက်ရတယ်။

“ဘာဗုံးပဲဖြစ်ဖြစ် ကျုပ်ကတော့ မကြိုက်ဘူး၊ ပြည်တွင်းမှာ အရင် ပေါက်သမျှ ဗုံး တဝုန်းဝုန်းခဲ့သမျှလည်း ရေရေရာရာ လက်သည် ပေါ်ခဲ့တာ နည်းတယ်။ တကယ်သေရတာက ပြည်သူတွေဗျ။ အခုလို ပဋိပက္ခတွေ ဖြစ်လိုက် လောင်မီးကျလိုက်ဖြစ်လို့ လူထု ကျီးလန့်စာ စားနေရ သလို ဖြစ်နေရတဲ့ကြားထဲ အခုလို ဝုန်း ဝုန်း ခြိမ်းသံ၊ ခြောက်သံ၊ ဗုံးလုံး ဟိန်းသံ၊ ဟောက်သံတွေနဲ့ဆိုတော့ ထိတ်စရာကြီးဗျာ”
လို့ ငတိက ညည်းတယ်။

“ခင်ဗျားတို့ ကျွန်တော်တို့ကသာ ထိတ်နေ၊ လန့်နေ၊ စိုးရိမ်စိတ်တွေများနေကြတာ၊ တချို့က ကျေးဇူးတောင်တင်နေကြသေး” ဆိုပြီး ပြောလိုက်တော့ ငတိက မျက်လုံးပြူး မျက်ဆံပြူးနဲ့ “ဘာရယ်” လို့ ပြန်မေးရှာတယ်။

“ဟုတ်တယ်လေဗျာ…… အလုံမြို့နယ်က အရာရှိကြီး ပြောသွားတာဗျ၊ လုပ်ချင်လွယ်လွယ်လေးပါ၊ ကွမ်းတံထွေးစားပြီး ထွေးသလောက် မြန်ပါတယ်၊  ပြည်သူတွေကို အသက်အိုးအိမ်စည်းစိမ်တွေ သေဆုံးသွားတာ မလိုလားဘူးဆိုတဲ့ စိတ်ဆန္ဒတွေလည်း တွေ့ရှိရတယ်၊ အရာဝတ္ထုတွေပျက်စီးသွားလိုတဲ့ ဆန္ဒမရှိဘူးဆိုတာလည်း သိရှိရတယ်၊ ဘာပဲပြောပြော လူသားဆန်တယ်ပေါ့နော်၊ မဟုတ်တာ လုပ်နေပေမယ့်လည်း လူသားဆန်တဲ့အတွက် ဒီပြုလုပ်သူကိုသော်လည်းကောင်း အဖွဲ့အစည်းကိုသော်လည်းကောင်း အင်မတန် ကျေးဇူးတင်ပါတယ်” ဆိုပြီး ကြိုက်လွန်းလို့ အလွက်ကျက်ထားတာလေး အံဝင်ဂွင်ကျ ရွတ်ပြလိုက်တဲ့အခါ ငတိလည်း မှိုင်သွားရှာတယ်။

“ဒီလောက်လည်း အတွေးလွန်ပြီး မမှိုင်နေပါနဲ့ဗျာ၊ သူတို့က လူသားဆန်ဆန်ဖောက်ကွဲရေးသမားတွေဆိုတော့  စိုးရိမ်စရာ မရှိပါဘူး။ အရာရှိကြီး ပြောသလိုပေါ့။ လုပ်ချင်လွယ်လွယ်လေးပါဆိုတော့ မလုပ်ချင်သေးဘူး၊ ခြောက်ရုံ၊ လှန့်ရုံ ခင်ဗျားလို ကျီစားတာနေမှာပေါ့၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် စကားနဲ့ ပြောရမယ်ဆို ဗမာ့ရွာမှာ ဘာတွေ ဘာတွေပေါ၊ ဆန္ဒပွဲတွေ တပြပြနဲ့ လောင်ဗုံးတွေ ဟုန်းဟုန်းပေါ ဆိုသလိုပေါ့” ဟု အာပေါင်အာရင်းသန်သန်ဖြင့် ငတိအား ပြောနေချိန်မှာပဲ-

“ဝုန်း-ဗိုင်း” ဆိုပြီး စားပွဲခုံအောက်မှ ရုတ်တရုတ် ပေါ်ထွက်လာသော ပေါက်ကွဲသံကြီးကြောင့် လန့်ပြီး ကြောက်လန့်တကြား ထခုန် မိသွားတယ်။

တစ်ဆိုင်လုံးလည်း အထိတ်တလန့်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့မှ ငတိက စပ်ဖြီးဖြီးကြီးနဲ့ ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်လို့-

“မကြောက်ပါနဲ့ဗျာ၊ ဗြောက်အိုးပါဗျ၊ ဗြောက်အိုး၊ ကျုပ်တူလေးဆီက အသာနှိုက်ယူလာတဲ့ တရုတ်လုပ် ဗြောက်အိုးလေးပါ” လို့ ယမ်းငွေ့ တွေကြားထဲ စပ်ဖြဲဖြဲ မျက်နှာနဲ့ ပြောလေတယ်။

အော် ကျုပ်နှယ်… ခံရပြန်ပါပြီ။

“ဒီလိုကြီးတော့ မကျီစားစမ်းပါနဲ့ဗျာ၊ ကျုပ်တို့က ပြည်သူတွေဆိုတော့ သူများတွေလို ကျေးဇူးမတင်ရဲပါဘူး။ တကယ်ကို ကြောက်လွန်းလို့ပါ” လို့ အသာမေးငေါ့ပြောပြီး စိတ်ထဲ မကျေနပ်ပေမယ့်လည်း အရှက်ပြေ ရေနွေးကြမ်းတစ်ခွက် ဂွပ်ခနဲမော့ရင်း မျှောချလိုက်ရတယ်။ ငတိကိုလည်း ဘယ်စိတ်ဆိုးလို့ ဖြစ်ပါ့မလဲ…၊ ကိုယ့် အရပ်နဲ့ ကိုယ်ဇာတ်ပဲကိုးဗျ။ ဟုတ်တယ်မဟုတ်လားနော့…။

နေစကြာနိုင်

ရန်ကုန်တိုင်းမ်သတင်းစာ၊ အတွဲ(၁)၊ အမှတ် (၁၄၄)

Admin : သီဟ(ဘိုကလေးသား)

0 comments "ခံရခက်တဲ့ ချိန်ကိုက်ဗုံး ( သရော်စာ )", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...